၁။ဘ၀မှာ ဘယ်နေရာမျိုးမှာဘဲဖြစ်ဖြစ် သူတစ်ပါးထက်
တော်တဲ့သူ ဖြစ်နေပါစေ။ ဒါပေမဲ့ ကိုယ်တော်ကြောင်းကိုတော့ ဘယ်တော့မှ
မပြောမိစေနဲ့။ ကိုယ်တော်တာကို လျှောက်ပြောနေတဲ့ သူတွေဟာ တကယ်မတော်သေးတဲ့
သူတွေဘဲ ...... ။
၂။Knowledge is power အသိပညာက တန်ခိုးဘဲ။ အရာရာကို သိမြင်နားလည်ခြင်းဟာ ဖန်တီးနိုင်စွမ်းကို ဖြစ်စေတယ် မဖြစ်နိုင်တာတွေကို ဖြစ်အောင်ဖန်တီးတာ အဲဒါ တန်ခိုးဘဲ မဟုတ်ဘူးလား ဒီတော့ ..... အသိပညာ များပြားအောင် အမြဲတမ်းဆည်းပူး လေ့လာနေရမယ်။
၃။လူတွေက သမီးကို ကြင်ကြင်နာနာ ဂရုတစိုက် လေးလေးစားစားဆက်ဆံစေချင်မှာဘဲနော် ဒီလိုဆို လူတွေကို သမီးက ကြင်ကြင်နာနာ ဂရုတစိုက် လေးလေးစားစား ဆက်ဆံရလိမ့်မယ် ဘာပြုလို့လဲဆိုတော့ လောကမှာ ကိုယ်ကပေးမှ သူ့ဆီက ရတယ် ကိုယ်ကမပေးဘဲ သူ့ဆီက ဘာမှ မရနိုင်ဘူး သမီး ....။
၎။အန္ဒိယ ကဗျာစာဆိုကြီး တဂိုးရဲ့ ကဗျာတစ်ပုဒ် ဖေဖေ ကြိုက်တယ်။ ကမ္ဘာလောကကြီးမှာ ငါသည် ဘာမျှမဟုတ်ပေ အရိပ်တစ်ခုသာ ဖြစ်ချေ၏။ ........ တဲ့ ကိုယ့်ကိုယ်ကို မာန်တက်နေတဲ့ အချိန်မှာ ရွတ်ဖတ်ရမယ့် စာတစ်ပိုဒ်ပေါ့။
၅။နေ့တိုင်း ဗီဒီယိုဌားကြည့်တယ် ကြည့်လိုက်တဲ့ကားတိုင်းဟာ အချစ်၊အိမ်ထောင်ရေး၊ ချစ် ၊ကွဲ ၊ ညားကားတွေဘဲ ဖြစ်နေတယ် ........ ဆိုရင် သမီးဟာ ထူးချွန်ထင်ရှားမယ့် ပုဂ္ဂိုလ်တစ်ဦးမဖြစ်နိုင်တော့ဘူးလို့ ဖေဖေ ထင်တယ်။ ထူးချွန်ထင်ရှားမယ့် ပုဂ္ဂိုလ်တွေဟာ ငယ်ငယ်ကတည်းက သူ့ဘ၀ တိုးတက်အောင်မြင်ဖို့ စူးစူးစိုက်စိုက် အလုပ်လုပ်ကြတယ်။ သူမတူအောင် ထူးထူးကဲကဲ ကြိုးစားကြလေ့ရှိတယ် ။ သမီးကို ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်စေချင်တယ်။
၆။အိမ်ရှေ့ကအုန်းပင်ကြီးကို သတိထားကြည့်မိလား အုန်းသီးစိမ်းစိမ်းလေးတွေ သီးလာပြီး ကြီးလာတယ်။ ရင့်လာတယ် ခူးမယ့်သူမရှိတော့ မြေကြီးပေါ်ကို ကြွေကျတယ်လေ။ ပြောင်းလဲခြင်း၊မတည်မြဲခြင်း၊သဘောတရားတွေကို အသေအချာ သတိထားမိရင် သမီးတွေ့လိမ့်မယ် ဒါသဘာဝဘဲ ဖေဖေရယ်။ဘာထူးဆန်းလို့လဲ သမီးပြောချင်သေးလား။ မထူးပေမဲ့ ဆန်းတယ်။ သဘာဝကြီးက ဖန်တီးထားလို့ ထူးတာဆန်တာ မသိသာပေမဲ့ အဲ့ဒီအရာတွေကို လူက လိုက်လုပ်ကြည့်တဲ့အခါကျတော့ ဟာ ...... သဘာဝကြီးက တယ်ထူးဆန်းပြီး အံ့သြစရာပါလားလို့ သိလာကြရတယ်။ ဒါကြောင့် ..... သဘာဝ လောကကြီးကို သမီး သတိထားကြည့် အများကြီးသိလာလိမ့်မယ်။
၇။ရေဟာ အဖိုးတန်တဲ့ ဆေးတစ်မျိုးဘဲတဲ့။ လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၆ပုလင်း သောက်ရင် ရောဂါကင်းသတဲ့ ဖေဖေ ဖတ်ဖူးမှတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီအသိမျိုးနဲ့ ရေသောက်နေတဲ့သူ အင်မတန်ရှားပါတယ်။ ဘာပြုလို့လဲဆိုတော့ လူတွေဟာ ကိုယ့်အနားမှာ လွယ်လွယ်ရှိနေတဲ့ ပစ္စည်းကို တန်ဖိုးထားရကောင်းမှန်း မသိလို့ပေါ့။ သမီးကော ဘယ်လိုထင်လဲ။
၈။No pain, no gain. အနာမခံ အသာမစံရတဲ့။ ဘ၀မှာ အပင်ပန်း အဆင်းရဲခံ စွန့်လွှတ်အနစ်နာခံပြီးတော့မှ ထိပ်ဆုံးကို ရောက်ကြရတာပါ။ သမီးလည်း ထိပ်ဆုံးကို ရောက်ချင်ရင် ဒီလိုဘဲ အပင်ပန်း အဆင်းရဲခံ စွန့်လွှတ်အနစ်နာခံရမှာဘဲ သမီး ရွေးချယ်စရာ အခြားနည်းလမ်း မရှိပါဘူးကွယ် ။
၉။ဘယ်သူမှ အမှားနဲ့မကင်းနိုင်ကြဘူး သူလည်းမှား ကိုယ်လည်း မှားနိုင်တာဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှားယွင်းမှုအတွက်တော့ အကြီးအကျယ် စိတ်ပျက်မနေနဲ့နော် တစ်ချိန်မှာ သူလိုဘဲ ကိုယ်လည်းမှားနိုင်တယ်ဆိုတာ မမေ့နဲ့။
၁၀။Life is nothing but struggle. ဘ၀ဆိုတာ ရုန်းကန်းခြင်းဘဲ .... တဲ့။ ရုန်းကန်နိုင်လေလေ တောက်ပြောင်လေလေဘဲ ကြိုးစားလေလေ မြင့်တက်လေလေဘဲ မကြိုးစားမရုန်းကန်ဘဲ ဘာတစ်ခုမှ လွယ်လွယ်နဲ့မရနိုင်ဘူး အဲဒါ ..... သမီး ........ သဘောပေါက်။
၁၁။ဝါးပင်လိုကျင့်။ ၀ါးပင်ဟာ မြင့်လေလေ ကိုင်းညွတ်လေလေဘဲ။ အသိဥာဏ်ရင့်ကျက်လေလေ ကိုယ့်ကိုယ်ကို နှိမ့်ချလေလေဘဲဆိုတာ သမီးသဘောပေါက်။
၁၂။လူတိုင်းလူတိုင်းဟာ တစ်ခုခုကိုတော့ သိကြ တတ်ကြတာချည်းဘဲ သူတို့ဆီက သင်ယူပါ အသက်ရှင်နေသရွေ့ သင်ယူလေ့လာနေရမယ် အဲဒါ...... သမီးရဲ့ ဘ၀ပေးတာဝန်ဘဲပေါ့။
အားပေးတဲ့အတွက် ကျေးဇူးပါ ...
ပျော်ရွှင်၊သာယာအေးချမ်းတဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ...