ဘာတဲ့လဲ ချစ်သူ
ဘဝဆိုတာ စိတ်ကူးယဉ်လို့မရဘူးတဲ့လား
သွားစမ်းပါဟာ...
ဂစ်တာတစ်လက်၊ကော်ဖီတစ်ခွက်နဲ့
အင်တာနက်သာရှိနေရင် ငါ့ဘဝကို ငါကျေနပ်တယ်
မင်းမနှစ်သက်တဲ့ စရိုက်အမူနဲ့ အပိုလူငါ့ရဲ့
ဘယ်သူမှကြိုမသိတဲ့ မနက်ဖြန်တွေက
ငါ့ရဲ့ ရိုးသားစွာ ကြိုးစားမှုနဲ့
သူ့အလိုလိုလှလာလိမ့်မယ်..။။။
မင်းယုံကြည်တဲ့ အနာဂတ်နဲ့
ငါဖြတ်သန်းမယ့် မနက်ဖြန်တွေက
ယှဉ်မရအောင်ကွာလွန်းတယ်ချစ်သူ
အလိုတူဖို့ မသိမ်းသွင်းနဲ့
သိမ်ဖျင်းတဲ့ မင်းရည်မှန်းချက်တွေအတွက်
ငါကပါရမီဖြည့်ဖက်မဟုတ်ဘူး။။။
ခြံတွေ၊တိုက်တွေကို မကြိုက်ဘူး
ကားစီးပြီး နားငြီးနေရမယ့်ဘဝကို မနှစ်သက်ဘူး
မင်းနှစ်သက်တဲ့ ဒေါ်လာတွေမှာ
ငါ့စိတ်ကမသာယာဘူး
မမြူဆွယ်စမ်းပါနဲ့ ငါလျောက်မယ့်လမ်းမှာ
ဖြတ်လမ်းလိုလမ်းတိုတွေ မပါဘူး
ဦးညွတ်ထားတဲ့ ငါ့သိက္ခာနဲ့ကိုယ်ကျင့်တရားက
ငါ့ဘဝကို အကဲဖြတ်သွားလိမ့်မယ်
နင်မယုံကြည်ရင် နေခဲ့လိုက်ပါ
နင်လိုချင်တဲ့ အနာဂတ်မျိုးအတွက်တော့
ငါ့ကိုယ်ကျင့်တရားကို ဆေးခပ်မခံနိုင်ဘူး။။။
မင်းသိရဲ့လားချစ်သူ
မိန်းမတွေ မှိုလိုပေါပေမယ့်
တစ်ချို့မှိုတွေက အဆိပ်သင့်စေတယ်
မင်းလိုအဆိပ်သင့်စေတဲ့ မှိုတစ်ပွင့်ကိုမှ
ရင်ဖွင့်ပြီး ချစ်ခဲ့ဖူးတဲ့ငါ
မှိုတောက်တာ မထူးဆန်းဘူး
နေ့နဲ့ညတိုင်းမှာ ယစ်မူးနစ်မြုပ်
မင်းလုပ်သမျှ အရှုပ်ထုပ်တွေကြား
အရုပ်တစ်ရုပ်လို ကစားခံခဲ့ရဖူးတယ်။။။
အလိုရမ္မက်တွေ စီးနင်းထားတဲ့မင်းဆန္ဒတွေကို
ငါ့စိတ်က အလိုလိုကြောက်ခဲ့ပြီ
ဖောက်ပြားတဲ့ယဉ်ကျေးမှုတွေနဲ့
မင်းလိုချင်တဲ့ အနာဂတ်ကမ္ဘာမှာ
ငါလိုချင်တဲ့ အေးချမ်းမှုတွေ ရှာလို့မတွေ့ဘူး
အောင်မြင်မှုကို ဆာလောင်နေတဲ့
မင်းရဲ့ အတ္တအပူတွေထဲမှာ
ငါ့ကိုယ်ကျင့်တရားတွေကိုပါ အရည်ဖျော်ဖို့
ကြိုးစားလာမှတော့
မင်းနေပျော်တဲ့ အနောက်ကမ္ဘာမှာ
မင်းစိတ်ကြိုက်သာ နေခဲ့ပါတော့
ခွင့်လွတ်ပါ ဟန်နီ
မင်းတွက်ချက်ထားသလို ငါ့စိတ်ဓာတ်တွေက
အောင်မြင်မှုကို မငတ်မွတ်ဘူး။။။
မင်းအမြင်အတွေးနဲ့ မင်းစကားတွေအရ
ငါက(၂၀)ရာစုလက်ကျန်ယောက်ျား
ခေတ်ရဲ့နောက်နားမှာ အေးအေးလေးနေနေပါရစေ
မင်းရဲ့ယုံကြည်မှုအတွက်တော့ ငါ့ခံယူချက်ကိုမပြောင်းဘူး
ကိုယ်ကျင့်တရားကို အလဲထိုးပြီးမှ
မင်းအနားကို တိုးလာရမယ်ဆိုရင်
ငါဘယ်တော့မှ မလာဘူး။။။
အောင်မြင်မှုကို ဆာလောင်သူနဲ့
ကိုယ်ကျင့်တရားကို တန်ဖိုးထားသူရဲ့
မာနပြိုင်တဲ့ပွဲမှာ ဒိုင်မလိုပါဘူး
ဒီနေ့ကစပြီး မဆိုင်သူလိုနေတော့မယ်
မင်းတည်ဆောက်မယ့် အနာဂတ်မှာ
မင်းရဲ့နေ့ရက်တွေ သာယာပါစေ
မင်းမပါလာတော့တာကလွဲလို့
ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာတဲ့ငါ့ကမ္ဘာအတွက်
ငါကျေနပ်တယ်ဆိုတာ
မင်းအမှတ်တမဲ့သတိရတိုင်း အသိအမှတ်ပြုပေးပါ။။။
ဘာတဲ့လဲ ချစ်သူ
ဘဝဆိုတာ စိတ်ကူးယဉ်လို့မရဘူးတဲ့လား
သွားစမ်းပါကွယ်..
ဂစ်တာတစ်လက်၊ကော်ဖီတစ်ခွက်နဲ့
အင်တာနက်သာရှိနေရင် ငါ့ဘဝကို ငါကျေနပ်တယ်
မင်းမနှစ်သက်တဲ့ စရိုက်အမူနဲ့ အပိုလူငါ့ရဲ့
ဘယ်သူမှကြိုမသိတဲ့ မနက်ဖြန်တွေက
ငါ့ရဲ့ ရိုးသားစွာ ကြိုးစားမှုနဲ့
သူ့အလိုလိုလှလာလိမ့်မယ်..။။။