လွင့်ပစ်ခဲ့တဲ့ နှလုံးသား တစ်ခုအတွက်
နှုတ်ဆက် လက်ပြ သွားခဲ့ပေမယ့်
ပြုတ်ကျခဲ့တဲ့ နှလုံးသားကို ပြန်လည်ထိန်းချူပ်ရင်း
ငါ့အလွမ်းတွေ ခင်းကျင်းထားလိုက်တယ် ...။ ။
စာနာပေးပါချစ်သူရယ် ....
ဒဏ္ဍာရီ ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နှင့်
ကြည်နူးခြင်း ဇာတ်ဝင်ခန်း တစ်ခုကို
ခဏတာ ကပြ ပေးခဲ့တဲ့ အတွက်
နှလုံးသားတွေ စတေးခဲ့ရ ပေမယ့်လည်း
အရှုံးများစွာကို ပွေ့ပိုက်သိမ်းဆည်း
နာကြည်းခြင်းတွေ ဘယ်ရောက်နေလဲကွယ် ...။ ။
တကယ်ပါ ...
အချစ်ဆိုတာကို ရယူခြင်းလို့ ခံယူခဲ့ပေမယ့်
တစ်ဝက်တစ်ပျက်ရပ် ဆိုင်းသွားတဲ့ အချစ်တစ်ချို့နှင့်
စွန့်လွတ်ခြင်း လို့ လက်ခံခဲ့ရတဲ့
ပစ္စုပ္ပန် အခြေအနေ တစ်ခု
ဒါပေမယ့် ...
အချစ်တွေ အခုထိဝေနေဆဲ ...။ ။
ထင်သလိုပြောင်းလဲ မလာနိုင်တဲ့ဘဝမှာ
ကံကြမ္မာကိုလည်း ဆုတောင်းမနေတော့ဘူး
မင်းအတွက်လည်း ဝမ်းမနည်းချင်ဘူး ...။ ။
ပဉ္စလက်မာယာ အောက်မှာ
ကြွေကျသွားခဲ့ရတဲ့ ပန်းတစ်ပွင့်အတွက်
သစ္စာတရားတွေ လွှမ်းခြုံထားတဲ့ ချစ်သူကို
စွန့်ခွာ သွားတဲ့အတွက်
တစ်ချိန်ချိန်မှာ
အချစ်ဆိုတာ ခံစားတတ်ခဲ့ရင်
ဝဋ်ကြွေးတော့ ဆပ်ထားခဲ့ပါ ကွယ် ...။ ။
တေးနုယဉ်(ယောမြေ)