ဟော ...
ဒီတနေ့ပြီးတနေ့ ဖြတ်သန်းလာတဲ့
မနက်ဖြန်တွေဆီက ငါပြန်ရတာဆိုလို့
မနေ့ကထက် ဒီနေ့ကိုပိုစွဲလမ်းတတ်လာတာပါ ချစ်သူ ...။ ။
ကိုယ့်ဘာသာဆေးဆိုးထားရတဲ့ ဥပေက္ခာတရားမှာ
အိပ်ငွေ့ချထားတဲ့ အမှတ်တရက
တခါတလေတရေးနိုးနိုးလာတယ် ...။ ။
ခွင့်လွှတ်ပါချစ်သူ ...
ကိုယ့်အလွမ်းနဲ့ကိုယ်အမှောင်ချထားတဲ့
ဟောဒီအခန်းထဲမှာ ...
ငါရယ် တခါတခါသွေးတိုးစမ်းချင်နေသေးတဲ့ငါတို့အတိတ်တွေရယ်
လုံးပါးပါးလာတဲ့ငါ့နှလုံးသားရယ်
မတည့်အတူနေကြတယ်လေ ...။ ။
မိနစ်ကိုးဆယ်မပြည့်သေးတဲ့ ဂိုးပြတ်အရှုံးမှာ
ပင်နယ်တီမျှော်လင့်မိတာငါ့အမှားလား
မနိုင်ဝန်ထမ်းထားရတဲ့ ချစ်ခြင်းတရားမှာ
မနက်ဖန်တိုင်းဟာ နာကျင်အချိန်ပိုတွေသာများခဲ့တယ် ...။ ။